Bridge of Spies (2015)
———————
ဒိုနိုဗန် — “ရူဒေါ့ဖ် ခများ စိတ်မပူဘူးလားဗျ”
ရူဒေါ့ဖ် — “ထူးသွားမှာလား ? ”
——–
၁၉၅၀ များဝန်းကျင်ဆိုတာ စစ်အေးကာလပေါ့။
ရုရှားဆိုဗိယက် ယူနီယံနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ အဖက်ဖက်က အားပြိုင်မှုတွေနဲ့အတူ လောကကြီးတစ်ခုလုံးဟာ ဆူညံနေတဲ့ အချိန်ဆိုလည်းမမှားပြန်ဘူး။
စစ်ရေးကအဆုံး နည်းပညာအလယ် ယဉ်ကျေးမှုအနုပညာအဆုံး အဖက်ဖက်က ပြိုင်ဆိုင်နေကြတာဘဲဖြစ်တယ်။
ဒီထဲမှာ အကြမ်းဆုံးကတော့ နှစ်ဖက်နိုင်ငံရဲ့
သူလျှိုအဖွဲ့အစည်းတွေဖြစ်တဲ့ CIA နှင့် KGB တို့ရဲ့ ပြိုင်ဆိုင်မှုဟာ အတော်ကို အခရာကျတယ်ဆိုရမယ်။
တစ်ဖက်နဲ့တစ်ဖက်ဟာ တနိုင်ငံနဲ့ တနိုင်ငံကို စုံထောက်တွေ သူလျှိုတွေ စပိုင်တွေ စေလွှတ်ထားလိုက်ကြတာ ဆယ်စုနှစ်ပေါင်းများစွာအကြာမှာ သူတို့တွေဟာ တဖက်နိုင်ငံရဲ့ လူ့ဘောင်အဖွဲ့အစည်းမှာ စုံးစုံးနှစ်ဝင်ရောက်နေခဲ့ကြပြီလည်းဖြစ်တယ်။
၁၉၅၇ ခုနှစ် စစ်အေးကာလရဲ့ အရှိန်အမြင့်ဆုံးကာလတစ်ခုလည်းဖြစ် သူလျှိုစစ်ဆင်ရေးတွေ အရှိန်တက်နေတဲ့
အချိန်မှာတော့ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ရုရှားသူလျှို ရူဒေါ့ဖ်အေဗယ်လ်ကို ဖမ်းမိခဲ့တယ်။
သူလျှိုတာဆိုတယ် သူလျှိုရုပ်မပေါက် သူလျှိုလေသံမထွက်။ ဒါ့အပြင် သူဟာ
ပန်းချီတွေနဲ့ဘဲ လုံးပမ်းနေတဲ့ အနုပညာရှင်တစ်ယောက်ပါတဲ့။ အမေရိကန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ လွတ်လပ်ခွင့်အရ
ကိုယ့်နိုင်ငံရဲ့ ရန်သူဖြစ်နေပါစေဦး တရားရေးတိုက်ပွဲစစ်နွဲခွင့်ရှိတယ်ဆိုတဲ့အတိုင်း
ရူဒေါ့ဖ်ကို ရုံးတင်ဖို့လုပ်ပါတော့တယ်။
နိုင်ငံရဲ့ ရန်သူလည်းဖြစ်တယ်။ ရန်သူရဲ့ စစ်သားတစ်ယောက်ကို မိတယ်ဆိုတော့ အဲ့ခေတ်က အမေရိကန်သတင်းစာတွေက ခေါင်းစည်းပြူးပြူးကြီးနဲ့ ရူးဒေါ့ဖ်ပုံတွေကိုဖော်ပြကြတယ်။
သတင်းမီဒီယာတွေဟာလည်း ရူဒေါ့ဖ်ကို
နာမည်ပေါင်းစုံ ခေါင်းစဉ်ပေါင်းစုံ တံဆိပ်ပေါင်းစုံကပ်ကြတော့တယ်။
ရက်တောင်မကူးပါဘူး ရူဒေါ့ဖ်ဟာ အမေရိကန်ပြည်သူတွေရဲ့ အမုန်းဆုံးလူတစ်ယောက်ဖြစ်သွားတော့တယ်။
အခု ရူဒေါ့ဖ်ကိုရုံးတင်မယ်ဆိုတော့ သူ့ကိုကိုယ်စားပြုမယ့်ရှေ့နေရှာရတော့တယ်။
ဗဟိုတရားရုံးကလည်း ဟိုလွှတ်ဒီလွှတ် ဟိုဖက်ရှေ့နေ့များကော်မတီကလည်း
ဟိုရိုက်ဒီရိုက်နဲ့ နောက်ဆုံး ရူဒေါ့ဖ်ကို ဖမ်းမိခဲ့တဲ့ ဘရွတ်ကလင်းရှေ့နေများကော်မတီ အရှေ့ရောက်လာပါလေရော။ မဲပေးရွေးချယ်ရာမှာ အားလုံးရဲ့ မဲတွေဟာ လူတစ်ယောက်တည်းစီကိုဘဲ ရောက်တယ်။
ဒိုနိုဗန်တဲ့။
အာမခံရှေ့နေတစ်ယောက်ပါဘဲ။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်ပြီးကာစ နူရင်ဘတ်စီရင်မှု နာဇီတွေဖက်က ရှေ့နေလိုက်ပေးဖူးတဲ့သူပေါ့။
သဘောက အမေရိကန်တွေဟာ ရန်သူကိုတောင် အကောင်းစားရှေ့နေပေးတယ်ဆိုတဲ့ သတင်းကို ပြန့်သွားစေချင်တာမျိုး။
ဒိုနိုဗန်လည်း အစပိုင်းမှာတော့ ဒီဟာကြီးကိုလက်ခံဖို့ငြင်းပါသေးတယ်။
လူမုန်းခံရမယ် နာမည်ပျက်မယ် သေချာတာတော့ အမှုလည်းရှုံးမယ်။ ဒီတော့ဘာလို့များ လက်ခံနိုင်စရာရှိလို့တုန်း ?
ဘယ်သူမဆို အနည်းဆုံးတော့ တရားရေးရာတိုက်ပွဲမှာ ခုခံခွင့်ရှိတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ဘဲ လက်ခံမိလိုက်တယ်။ ဒိုနိုဗန်တစ်ယောက်လက်ခံလိုက်ပြီ ဆိုတာနဲ့တင် ရန်သူသူလျှို ရူဒေါ့ဖ်ပုံနဲ့ ဘေးချင်းကပ် ဒိုနိုဗန့်ပုံကိုပါ သတင်းစာတွေ မီဒီယာတွေ အကုန်က ခေါင်းစဉ်တပ်လာခဲ့တယ်။ နေ့ချင်းညချင်းပါဘဲ ဒိုနိုဗန်တစ်ယောက် အမေရိကန်ရဲ့ ရူဒေါ့ဖ်ပြီးရင် ဒုတိယမုန်းစရာအကောင်းဆုံးသူ ဖြစ်လာခဲ့တယ်။
ဘယ်လိုဘဲဆိုဆိုပါ ဒီအမှုကြီးဟာ တရားရုံးထဲမဝင်ခင်ကတည်းက ရလဒ်ထွက်ပြီးသားအမှုကြီး။ ဘယ်လိုပြောပြော ဘာပြောပြော ရှုံးမှာအသေအချာဘဲ။ အမေရိကန်တနိုင်ငံလုံးရော တရားသူကြီးပါအပါ ရူခေါ့ဖ်ကို လျှပ်စစ်ကုလားထိုင်ပေါ်ထိုင်ပြီး သေဒဏ်ပေးချင်ကြတာချည်းဘဲ။
ဒီတော့ တရားရုံးမှာ ဘာမှမပြောခင်ကတည်းက ရူခေါ့ဖ်တစ်ယောက် သေဒဏ်ပေးခံရဖို့က ကျိန်းသေနေပြီ။ ဒါပေမယ့် ဒိုနိုဗန်က တရားသူကြီးကို ရူဒေါ့ဖ်အသက်ရှင်ဖို့ အရေးကြီးတယိဆိုတဲ့ အကြောင်းပြချက်တစ်ခုပေးနိုင်ခဲ့တယ်။
ဒီတစ်ခုတည်းနဲ့တင် သေဒဏ်ကနေ ထောင်ဒဏ်နှစ် ၃၀ ကိုပြောင်းလိုက်ပစ်ခဲ့တယ်။ အခုတောင် ၆၀ လောက်ရှိနေတဲ့ ရူဒေါ့ဖ်ဟာ သေချာတာတောင် အမေရိကန်ထောင်ထဲမှာ ဘယ်နည်းနဲ့မှ နှစ် ၃၀ အသက်ရှင်မှာမဟုတ်ဘူး။
ဒိုနိုဗန်ပေးလိုက်တဲ့ အကြောင်းပြချက်ကတော့ တချိန်ချိန်မှာ အမေရိကန်ဖက် သူလျှိုတစ်ယောက်ယောက်သာ ရုရှားတွေမိသွားခဲ့ရင် ရူဒေါ့ဖ်နဲ့လဲလို့ရတယ်တဲ့။
ဆယ်စုနှစ် တစ်ခုနည်းပါးတောင် မကြာလိုက်ပါဘူး အမေရိကန်တို့ရဲ့ သူလျှိုလေယာဉ်ဖြစ်တဲ့ ယူတူးဟာ ပိုင်လော့ ဂယ်ရီပါဝါးစ်နဲ့အတူ ဆိုဗီယက်မြေထဲကို ပစ်ချခံလိုက်ရပါတော့တယ်။ ယူတူးလေယာဉ်ဟာ တကယ်တော့ အပြင်မှာ မရှိတဲ့လေယာဉ်။ သူ့ဟာ လျှို့ဝှက်ချက်တွေကို သိတဲ့လူတွေဟာ နည်းနည်းလေးရယ်။ ဒီထဲမှာ ပိုင်းလော့ပါးဝါးစ်လည်းပါတယ်။ ဆိုဗီယက်တွေဟာ ပါးဝါးစ်ကိုစစ်ပေမယ့် ဘာမှထူးမလာခဲ့ဘူး။ ဒီဖက်ကလည်း ရူဒေါ့ဖ်က အချိန်တွေသာကြာလာတာ ဘာအဖြေမှ ထွက်မလာခဲ့ဘူး။ ဒီတော့ ရုရှားတွေဟာ စစ်အေးကာလရဲ့ ဥရောပမျက်နှာစာလည်းဖြစ် အဲ့အခါက နိုင်ငံရေးမတည်ငြိမ်တဲ့ ဂျာမနီဖက်ကနေ အမေရိကန်ကို ဆက်သွယ်လာပြီး နှစ်ဖက်အမြက်ထွက်မယ့်ဆုံးဖြတ်ချက် ဖြစ်တဲ့ ပါးဝါးစ်နဲ့ ရူဒေါ့ဖ်ကို လဲလှယ်ဖို့ပါဘဲ။
ဒီတော့ လဲလှယ်ဖို့ အမေရိကန်ဖက်က ဘယ်သူပါမလဲ ?
လာပြန်ပါပြီ …… ဒိုနိုဗန့်ခေါင်းပေါ် နောက်ထပ် အရှုပ်ထုပ်တစ်ခုရောက်လာပြန်ပြီ ။
ဒိုနိုဗန်ဟာ တရားဝင်အရ ဘယ်သူမှကို ကိုယ်စားမပြုတဲ့ ရိုးရိုးရှေ့နေတစ်ယောက်အနေနဲ့ ဒီလဲလှယ်မှုကိုပါဝင်ရတော့တယ်။
ဒီလိုနဲ့ ဒိုနိုဗန်တစ်ယောက် အနောက်ဘာလင်ကို ရေရေရာရာဘာမှန်းမသိဘဲ ရောက်လာပါတော့တယ်။ သူဘာလင်ကိုရောက်မှ နောက်ထပ်သိရတဲ့ သတင်းကတော့ အရှေ့ဘာလင်မှာ အမေရိကန်နိုင်ငံ စာတမ်းပြုစုတဲ့ ကျောင်းသား ပရိုင်ယာတစ်ယောက် သူ့စာတမ်းနဲ့အတူ အမှုပေါင်းစုံတပ်ပြီးဖမ်းခံလိုက်ရပါတယ်တဲ့။
လူသားဆန်သူကြီး ဒိုနိုဗန်ကတော့ ချာတိတ်လေး ပရိုင်ယာကိုကြုံတုန်းကယ်သွားချင်ပါတယ်တဲ့။
ဒါပေမယ့် CIA ရော အမေရိကန်အစိုးရကပါ
သူ့ရဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့ ပါဝါးစ်နဲ့ ရူဒေါ့ဖ်လဲလှယ်တာကလွဲပြီး တခြားလုပ်တာကို တွင်တွင်ကြီးငြင်းပြီး လက်မခံပါဘူး။
ဒီတော့ ဒိုနိုဗန်တစ်ယောက် ဘာလုပ်မလဲ ??
အရှေ့ဂျာမနီရဲ့ ဆိုဗိယက်အပေါ် ဖားချင်တဲ့ ပုံစံရယ်
ဆိုဗိယက်နဲ့ အမေရိကန်ကြားက တင်းမာမှုတွေရဲ့ အလည်မှာ ဒိုနိုဗန်တစ်ယောက် ဘာလုပ်မလဲ ??
————–
တွမ်ဟန့်နဲ့ စပီးလ်ဘာ့ဂ်တို့ရဲ့ လက်ရာဆိုရင် ပထမဆုံးပြေးမြင်မိမှာကတော့
Saving Private Ryan ဆိုရင် မမှားပါဘူး။
အခု Bridge of Spies ဟာလည်း သူတို့နှစ်ယောက်ရဲ့လက်ရာပါဘဲ။
စပီးဘာ့ဂ်ဟာ ဒီဇာတ်ကားနဲ့ ဒီသမိုင်းကို အကောင်းဆုံးပုံဖော်ခဲ့တယ်။ အပိုအလိုမရှိ လိုအပ်ချက်အလျင်းမရှိတဲ့ သူ့ထုံးစံအတိုင်း အကောင်းဆုံးရိုက်ပြပြီး ပရိသတ်ရှေ့ချပြနိုင်ခဲ့တယ်။
ဒီလိုဘဲ ဒိုနိုဗန်အဖြစ်သရုပ်ဆောင်တဲ့ တွမ်ဟန့်ရော ရူဒေါ့ဖ်အဖြစ်သရုပ်ဆောင်တဲ့ Mark Rylance ပါ လိုအပ်ချက်တစ်စက်မှမရှိခဲ့ပြန်ဘူး။ Mark ဆို အောစကာတောင်ရလိုက်ပါသေးတယ်။
ဒီရုပ်ရှင်အတွက်အထူးပြောချင်တာကတော့ သူ့ရဲ့ ဒိုင်ယာလော့ခ်တွေပါ။ ဒိုင်ယာလော့ခ်တွေဟာ ပေါ့နေတာမျိုးမရှိဘဲ သူ့ရဲ့ လိုအပ်ချက်ရော ပေးချင်တဲ့ အဓိပ္ပါယ်ကိုပါ ထိရောက်လွန်းတယ်။ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ဟန်ရယ် နောက်ခံတီးလုံးရယ် သူတို့ရဲ့ ကိုယ်စီစကားလုံးတွေရယ် ဇာတ်လမ်းရဲ့သမိုင်းရယ် ဒါတွေအားလုံးပေါင်းလိုက်တဲ့အခါမှာတော့ လုံးဝ Masterpiece တစ်ခုဖြစ်တဲ့ ရုပ်ရှင်ကားကောင်းတစ်ခု ထွက်လာပါတော့တယ်။
ဒိုနိုဗန်တစ်ယောက် ဘာလင်ကိုရောက်သွားတဲ့အချိန်မှာ အရှေ့ဘာလင် အနောက်ဘာလင်ခွဲခြားတဲ့ ဘာလင်တံတားကြီးစတည်တဲ့အချိန်လည်းဖြစ်တယ်။ အုတ်တစ်ခဲ ကျောက်တစ်လုံးဟာ မိသားစုတွေ ညီအကိုမောင်နှမတွေကို နှစ်ပေါင်းများစွာ ကွဲကွာစေလိုက်တယ်။ တံတိုင်းကြီးတည်ဆောက်တဲ့အခါ ဘက်မှားရှိတဲ့သူတွေဟာ နှလုံးတွေ လောင်ကျွမ်းခဲ့ရတယ်။ ဘာလင်တံတိုင်းအုတ်စီပုံတွေ တံတိုင်းကျော်ဖို့ကြိုးစားသူတွေကို ဂျာမန်ရဲနဲ့ ဆိုဗိယက်အစောင့်တွေဟာ တာဝါပေါ်ကမဆင်းဘဲ ပစ်ခတ်ပုံတွေကိုလည်း တွေ့ရပါသေးတယ်။ ဒါတွေကတော့ ရူဒေါ့ဖ်-ဒိုနိုဗန် သမိုင်းအပြင် ဒီဇာတ်ကားကပေးတဲ့ တခြားလက်ဆောင်တွေပေါ့ … ။
———-
“သူတို့တွေ မင်းကိုသတ်မှာ မင်းစိတ်မပူဖူးလား ရူဒေါ့ဖ်”
“ထူးမှာမို့လို့လား။
မင်းမေးခွန်းကို ဖြေရမယ်ဆိုရင် သူငယ်ချင်းရေ ငါကတော့ ကျင့်ဝတ်သိက္ခာဂုဏ်ရှိရှိနဲ့ နေခဲ့တယ်။
ဒါကိုလည်း သူတို့သိတယ်။
ဒါပေမယ့် လူတွေဟာ တခါတလေမှာ
အမှားတွေ စဉ်းစားတတ်ကြတယ်။
လူတွေဟာ လူတွေပါဘဲကွာ”
(ရူးဒေါ့ဖ်အေဗယ်လ်)
Credit The Silver Screen Facebook Page
Leave a Reply